အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းပွဲ (၁၀-၁၂-၂၀၂၄)
ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်(၃:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့်အမှုထမ်းများ စုစုပေါင်း(၁၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။
ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိုးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်၊ အဂတိလိုက်စားမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအားလည်းကောင်း၊ အဂတိလိုက်စားမှုပုံစံများအားလည်းကောင်း၊ အဂတိလိုက်စားမှုဖြစ်ပွားရသည့် အကြောင်းရင်းများအားလည်းကောင်း၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများအားလည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရမည့် နယ်ပယ်များအားလည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရှင်းလင်းခဲ့သည့်အပေါ် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဝန်ထမ်းများသည် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ တည်ဆဲဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါကလည်း အဂတိကျူးလွန်သည့်ကိစ္စရပ်များ ဖြစ်ပေါ်နိုင်ပါသည်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ကြေညက်စွာသိရှိနားလည်ရန် လိုအပ်ပြီး ယင်းတို့နှင့်အညီ ကျင့်ကြံနေထိုင်ရန် လိုအပ်ပါသည်။