“Basic Networking” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၃၀-၁၀-၂၀၂၆)
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ ဦးစီးဌာန၊ ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Basic Networking” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် ကွန်ရက်တစ်ခု တည်ဆောက်ရာတွင် ကွန်ပျူတာများနှင့် စက်ကိရိယာများ အချင်းချင်း အချက်အလက်ဖလှယ်ခြင်းဖြစ်ကြောင်း၊ ရုံးတွင်းကွန်ရက် (LAN) တည်ဆောက်ရာတွင် စက်များအချင်းချင်း ချိတ်ဆက်လမ်းညွှန်ပေးသည့် Switch နှင့် ပြင်ပအင်တာနက်ဆီသို့ ချိတ်ဆက်ပေးသည့် Router တို့၏ ဆောင်ရွက်ချက်များကို နားလည်ရန် လိုအပ်ကြောင်း၊ အချက်အလက်လုံခြုံရေးအတွက် Firewall နှင့် Permissions များ စနစ်တကျ သတ်မှတ်ထားရှိရန် လိုအပ်ကြောင်း၊ ကွန်ရက်စနစ် အောင်မြင်စွာလည်ပတ်နိုင်မှုသည် စက်ပစ္စည်းတစ်ခုချင်းစီအား သီးသန့်ခွဲခြားပေးထားသော IP လိပ်စာများ မှန်ကန်တိကျမှုနှင့် ကွန်ရက်ကြိုးများ ကြံ့ခိုင်ကောင်းမွန်မှုအပေါ်တွင် မူတည်ပါကြောင်းနှင့် ဌာန၏ ဒစ်ဂျစ်တယ်ဆက်သွယ်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းတို့အပြင် ဝန်ဆောင်မှုပေးသည့် Server နှင့် ရယူသုံးစွဲသည့် Client စနစ်များ၊ ကြေးနန်းလိမ်ကြိုး (UTP) နှင့် ဖိုင်ဘာကြိုး (Fiber-Optic) တို့၏ ကွာခြားချက်များ၊ ရုံးတွင်းသုံး Private IP နှင့် ပြင်ပသုံး Public IP အကြောင်းအရာများ၊ အင်တာနက်ဝက်ဘ်ဆိုက် အမည်များကို လိပ်စာနံပါတ်အဖြစ် ရှာဖွေပေးသည့် Domain Name System - DNS လုပ်ဆောင်ပုံများနှင့်စပ်လျဉ်းပြီး Windowsစနစ်အတွင်း File နှင့် Printerများအား မျှဝေသုံးစွဲနည်း၊ ရုံးတွင်းကွန်ရက်လိုင်း မရရှိပါက အခြေခံစစ်ဆေးနည်း (Physical Link Check)၊ နှင့် ချိတ်ဆက်မှု အခြေအနေအား Ping စစ်ဆေးခြင်း အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှလည်း သတင်းအချက်အလက်နည်းပညာဌာနခွဲမှ ပြုလုပ်သော ဌာနခွဲများရှိ IT Focal Person များနှင့်ဆွေးနွေးသည့် ဌာန၏ ဒစ်ဂျစ်တယ်ဆက်သွယ်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များအားလည်း လိုက်နာရန်နှင့် မိမိဌာနခွဲရှိဝန်ထမ်းများအား ပြန်လည်၍ အသိပညာများ မျှဝေပေးရန် လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။