“အိန္ဒိယသမ္မတနိုင်ငံ၊ Lucknowမြို့တွင် Developing Women Leadership-Women Only သင်တန်း” အား တက်ရောက်ခဲ့မှုအား အသိပညာ၊ ဗဟုသုတ ပြန်လည်မျှဝေခြင်း (၆−၁၁-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊ Lucknow မြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Developing Women Leadership- Women Only” သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်နွယ်နွယ်မိုး နှင့် စိစစ်ရေးမှူး-၂၊ ဒေါ်ဝင့်ဝါလှိုင်တို့မှ ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ် ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှု အရည်အသွေးများကို မြှင့်တင်ပေးခြင်းဖြင့် လူမှုအဖွဲ့အစည်းနှင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုစေရန်၊ ကျား/ မ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ဟန်ချက်ညီညီဖော်ဆောင်ရန်၊ ကိုယ်ထူကိုယ်ထအသင်းများ(SHGs)၊ ဒီဂျစ်တယ် ငွေပေးချေမှုစနစ်များနှင့် ဘဏ်လုပ်ငန်းကိုယ်စားလှယ်များမှတစ်ဆင့် ကျေးလက်ဒေသများ အထိ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရရှိစေရန်နှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာရန်ပုံငွေ စီမံခန့်ခွဲမှုများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်၊ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်နှင့် ပြဿနာဖြေရှင်းနိုင်မှုများကို မြှင့်တင်ပေးရန်၊ ၎င်းအပြင် အမျိုးသမီးများအား ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများပေးခြင်းဖြင့် အုပ်ချုပ်ရေးနှင့် အရေးပါသော ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်စသည့် လေ့လာခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှလည်း ဝန်ထမ်းတိုင်းသည် ခေါင်းဆောင်မှုအရည်အချင်း ရှိရမည်ဖြစ်ပြီး ကိုယ်ချင်းစာတရားရှိခြင်း၊ လုပ်ငန်းခွင်တွင် တွေ့ကြုံရသော အခက်အခဲများကို အထက်အရာရှိများအား တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အရည်အချင်းများ ရှိရမည်ဖြစ်ပြီး Conflict များကိုလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ခေါင်းဆောင်မှုနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။