စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပသည့် Second Portfolio Review အစည်းအဝေးကျင်းပခြင်း (၉-၅-၂၀၁၉)
ကမ္ဘာ့ဘဏ် (International Development Association) ချေးငွေ/ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များ၏ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် Second Portfolio Review အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် နေပြည်တော် Kempinski Hotel ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့ဘဏ်မှ Head of Office ဖြစ်သူ Mr. Gevorg Sargsyan က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အခြေခံပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်စင်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်၊ ကြွေးမြီရှင်းလင်းပြီးနောက် ကမ္ဘာ့ဘဏ် (IDA) ထံမှ ချေးငွေ၊ ထောက်ပံ့ငွေနှင့်နည်းပညာအကူအညီများ ပိုမိုရရှိလာခဲ့ရာ ၃၁-၁၁-၂၀၁၉ ရက်နေ့အထိ စီမံကိန်းစုစုပေါင်း (၁၃) ခု အတွက် အမေရိကန်ဒေါ်လာ ၂,၄၈၀.၉၄၅ သန်းခန့်ကို စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ဌာန/အဖွဲ့အစည်းများအနေဖြင့် တွေ့ကြုံရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီအဖြေရှာနိုင်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါသည်။