အက်ခ်မက်အရာရှိကြီးများအစည်းအဝေး (ACMECS Senior Officials’ Meeting – SOM) သို့ တက်ရောက်ခြင်း (၂၂-၁၀-၂၀၂၆)
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Ayeyarwady-Chao Pharaya-Mekong Economic Cooperation Strategy - ACMECS) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကာလအတွင်း ဒုတိယအကြိမ်အက်ခ်မက်အရာရှိကြီးများအစည်းအဝေး (ACMECS Senior Officials’ Meeting – SOM) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးသီတာမျိုးက ဦးဆောင်၍ ၂၂-၁၀-၂၀၂၆ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အက်ခ်မက်ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌဖြစ်သူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်သောအဖွဲ့က video Conferencing ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိကိုယ်စားလှယ်များ၊ အက်ခ်မက်မဏ္ဍိုင် (၃) ရပ် ၏ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌများနှင့် အက်ခ်မက်ယာယီအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ SOM ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ACMECS Master Plan (2019-2023) အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ မဏ္ဍိုင်-၁ Seamless Connectivity အောက်ရှိ စီမံကိန်းများအကောင်အထည်ဖော်ခြင်းအား အက်ခ်မက် မဏ္ဍိုင်-၁ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာနကလည်းကောင်း၊ မဏ္ဍိုင် - ၂ Synchronized ACMECS Economies အောက်ရှိ စီမံကိန်းများ အကောင်အထည်ဖော်ခြင်းအား အက်ခ်မက်မဏ္ဍိုင်-၂ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဖြစ်သည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ မဏ္ဍိုင် - ၃ Smart and Sustainable ACMECS အောက်ရှိ စီမံကိန်းများ အကောင်အထည်ဖော်ခြင်းအား အက်ခ်မက် မဏ္ဍိုင် - ၃ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်းကောင်း၊ အက်ခ်မက်မဏ္ဍိုင် - ၂ အောက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်သည့် အက်ခ်မက်ဖွံ့ဖြိုးမှုရန်ပုံငွေထူထောင်ခြင်းနှင့်စပ်လျဉ်း၍ အက်ခ်မက် ဘဏ္ဍာရေး ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌဖြစ်သူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးကလည်းကောင်း အသီးသီး အစီရင်ခံတင်ပြကြပါသည်။
အစည်းအဝေးတွင် ACMECS Master Plan (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ) အား အသစ်ရေးဆွဲမှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို အက်ခ်မက်ယာယီအတွင်းရေးမှူးရုံးကလည်းကောင်း၊ (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီး အစည်းအဝေးကျင်းပနိုင်ရေးကိစ္စရပ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကလည်းကောင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ညနေ ၄:၀၀ နာရီတွင် အစည်းအဝေးပြီးစီးခဲ့ပါသည်။
အက်ခ်မက်အား ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က အဖွဲ့ဝင် အဖြစ်ပါဝင်သည့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌတာဝန်ကို (၂) နှစ်လျှင် (၁) ကြိမ်ဖြင့် အက္ခရာစဉ်အလိုက် အဖွဲ့ဝင်နိုင်ငံများက တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်တို့တွင် ထိုင်းနိုင်ငံက အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။