“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ Shanghai National Accounting Institute တွင် Master of Professional Accounting " စာရင်းကိုင်မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှု အသိပညာပြန်လည်မျှဝေခြင်း (၁၈−၉-၂၀၂၆)


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ Shanghai National Accounting Institute တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Master of Professional Accounting"  စာရင်းကိုင်မဟာဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မို့မို့လှိုင်မှ မဟာဘွဲ့ သင်တန်းတက်ရောက်ခဲ့မှုအား အသိပညာပြန်လည်မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ ​နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် တရုတ်နိုင်ငံ၏ ပညာသင်ဆုအခွင့်အလမ်းများ၊ တက္ကသိုလ်ပညာရေးစနစ်၊ သင်ယူလေ့လာမှုနှင့် သုတေသနဆောင်ရွက်မှု၊ ကျောင်းသားဘဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို မျှဝေတင်ပြခဲ့ပြီး ၎င်းပြုစုခဲ့သည့် မြန်မာနိုင်ငံ၏ အစိုးရငွေချေးစာချုပ်ဆိုင်ရာ စာရင်းကိုင်လုပ်ငန်းစဉ်များတွင် Accrual Accounting (ငွေကြေး ဝင်/ထွက်သည်နှင့်တစ်ပြိုင်နက် မှတ်တမ်းတင်ခြင်းမဟုတ်ဘဲ ဖြစ်ပေါ်လာသည့်အချိန်တွင် မှတ်တမ်းတင်ခြင်း) စနစ်ကို ကျင့်သုံးရန်၊ အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများကို ဖော်ထုတ်ရန်နှင့် IPSAS စံနှုန်းများနှင့် နှိုင်းယှဉ်အကဲဖြတ်ရန် လေ့လာထားသည့် ဘွဲ့ယူစာတမ်းနှင့်စပ်လျဉ်း၍ တွေ့ရှိချက်တွေကိုလည်း မျှဝေခဲ့ပါသည်။ သုတေသနက ဖော်ထုတ်တွေ့ရှိရသော ပြဿနာများတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ အစိုးရကြွေးမြီများကို ငွေကြေးဆိုင်ရာ အချက်အလက်များဖြစ်သည့် ငွေချေးစာချုပ် ပေးရန်တာဝန်များ (Bond Liabilities) နှင့် အတိုးများ (Interest Accruals) ကဲ့သို့သော အဓိကကျသည့် အချက်အလက်များကို အပြည့်အဝဖမ်းယူရန် ပျက်ကွက်သည့် ငွေသားအခြေပြု စာရင်းကိုင်စနစ်(cash-based accounting) ၏ ကန့်သတ်ချက်များ ပါဝင်ကြောင်း၊ ထို့အပြင် အပိုင်းပိုင်းပြတ်တောက်နေသော ငွေကြေးမှတ်တမ်းများ၊ စာရင်းကိုင်စနစ်များနှင့် စာရင်းစစ်ဆေးခြင်းများတွင် ငွေကြေးဆိုင်ရာ စွန့်စားရမှုများကို အကဲဖြတ်ခြင်းထက် စည်းမျဉ်းလိုက်နာမှုအပေါ်သာ အဓိကထားခြင်းကဲ့သို့သော လက်တွေ့စိန်ခေါ်မှုများကို မီးမောင်းထိုးပြထားပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းကိုင်စံများ (IPSAS) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဟာဘွဲ့သင်တန်းတက်ရောက်မှုမှ ရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများကို အခြေခံ၍ ဌာန၏ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ အသုံးချစေလိုကြောင်း  မှာကြားခဲ့ပါသည်။