ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ဌာနတွင်း အရာထမ်းများ မွမ်းမံသင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်ခြင်း (၁၉-၂-၂၀၂၆)


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ဌာနတွင်း အရာထမ်းများ မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်း သား သင်တန်းသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရငွေများကို လျာထားချက်ပြည့်မီစွာ ကောက်ခံရမှာဖြစ်သလို နိုင်ငံတော်၏ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရန်နှင့် အသုံးစရိတ်များကို ထိရောက်စွာ အသုံးချနိုင်ရန်လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာငွေ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ချေးငွေရယူရာမှာလည်း နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထိန်းညှိဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငွေတိုက်ဦးစီးဌာနအနေဖြင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ပြည်တွင်း/ ပြည်ပ ကြွေးမြီများ စီမံခန့်ခွဲခြင်း၊ ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ငွေကြေးစီမံချက်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် ကြွေးမြီစီမံခန့်ခွဲမှုများ ချိတ်ဆက်မှုအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ အစိုးရ၏ ဝယ်ယူခြင်းနှင့်ထုခွဲခြင်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ လစဉ်ဘဏ္ဍာ ရန်ပုံငွေစာရင်းများ စုစည်းပေါင်းချုပ်ခြင်းနှင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးပါက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ အမှန်စာရင်းများကို စုစည်းပေါင်းချုပ်ခြင်းစသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းအား ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်းများအနေဖြင့် ဌာနခွဲအသီးသီးက ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာခြင်း၊  အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်းနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများကို သိရှိနားလည်းပြီး စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေသည့် ဌာနဖြစ်၍ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံများနှင့်အညီ တိကျလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

အဆိုပါသင်တန်းသို့ အရာထမ်း ၃၁ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်ပါသည်။