စာရင်းအင်းလုပ်ငန်းများဆိုင်ရာဖွံ့ဖြိုးမှုသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၀-၇-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် စာရင်းအင်းလုပ်ငန်းများဆိုင်ရာဖွံ့ဖြိုးမှုသင်တန်း အမှတ်စဉ် (၁) သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာဝင်းက ၁၃-၁-၂၀၂၆ ရက်မှ ၁၆-၁-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် လေ့လာခဲ့ရသည့် စာရင်းအင်း၏ အဓိပ္ပာယ်၊ စာရင်းအင်းဆိုင်ရာ အခြေခံအချက်များ၊ စာရင်းအင်းဥပဒေ၊ နည်းဥပဒေထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာရင်းအင်းကောက်ယူရာတွင် အသုံးပြုသည့် နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ စာရင်းအင်းကောက်ယူခြင်း၏ အကျိုးကျေးဇူး၊ စာရင်းအင်းပြုစုခြင်းလုပ်ငန်းစဉ်များဖြစ်သည့် Data Collection၊ Data Processing၊ Data Analysis နှင့် Data Dissemination တို့ ပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် အဆင့်များ၊ စာရင်းအင်းများ စိစစ်သုံးသပ်ရာတွင် အသုံးပြုသည့် နည်းလမ်းများနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများအား အနှစ်ချုပ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် နောက်ကျင်းပမည့် Knowledge Sharing များတွင်လည်း မိမိတို့သိရှိလိုသည့် အချက်အလက်များကို မေးမြန်းပြီး ပါဝင်ဆွေးနွေးကြရန်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။