ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၁) တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂၆-၆-၂၀၂၆)


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၁) သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူဖြူစိုးက ၂၇-၁-၂၀၂၅ ရက်မှ ၂၆-၃-၂၀၂၅ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် လေ့လာခဲ့ရသည့် စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ စီးပွားရေးပညာနှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ ဥပဒေပညာရပ်နှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ လူမှုရေးနှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ နိုင်ငံရေးနှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဘာသာရပ်နှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများ၊ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးဘာသာရပ်နှင့်သက်ဆိုင်သော သင်ကြားပို့ချမှုများအား အနှစ်ချုပ်၍  ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခြင်း ပြုလုပ်ရာတွင် ပိုမိုရှင်းလင်းသည့် ပုံစံ၊ (ဥပမာ-ဇယား၊ အချက်အလက်ပုံစံ) ဖြင့် တင်ပြစေချင်ပါကြောင်း၊ ပြည်တွင်း/ပြည်ပသင်တန်းများ တက်ရောက်ရာတွင်လည်း မိမိတို့လေ့လာမှတ်သားခဲ့ရသည့် ဘာသာရပ်များအား လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း မှာကြားခဲ့ပြီး အစီအစဉ်သည် နေ့လယ် (၃:၃၀) နာရီတွင် ပြီးစီးခဲ့ပါသည်။