ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဆင်းပွဲ ကျင်းပခြင်း (၇-၈-၂၀၂၆)
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ဌာနဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးဟန်ဝင်းအောင်နှင့် ဝန်ကြီးဌာနအောက်ရှိဌာနများမှ ဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းသို့ အသစ်ခန့်အပ်ထားတဲ့ စိစစ်ရေးမှူး-၂ (၇) ဦး၊ စာရင်းကိုင်-၄ (၉) ဦးတို့နှင့် အခြေခံသင်တန်းတက်ရောက်ရန် ကျန်ရှိသည့် စိစစ်ရေးမှူး-၂ (၄) ဦး အပါအဝင် စုစုပေါင်းအမှုထမ်း(၂၀)ဦး တက်ရောက်ခဲ့ပါကြောင်း၊ ဌာနသို့ အသစ်ဝင်ရောက်တဲ့ အမှုထမ်းများဖြစ်တဲ့အတွက် ဌာနက တာဝန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းများ၏ အခြေခံသဘောတရားများ၊ လုပ်ငန်းစဉ်များ၊ ဝန်ထမ်းစည်းမျဉ်းများစသည့် ဝန်ထမ်းတစ်ယောက်က သိသင့်သိထိုက်သည်များကို သိရှိနိုင်ရန်နှင့် ဘဏ္ဍာရေးကို တာဝန်ယူဆောင်ရွက်ရတဲ့ဌာနရဲ့ ဝန်ထမ်းများဖြစ်တဲ့အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်ရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာ Treasury လုပ်ငန်းတွေက ဒီထက်မက ပိုမိုကျယ်ဝန်းတာတွေ့ရပါကြောင်း၊ ဒါကြောင့် Treasury လုပ်ငန်းရဲ့ Scope ကို သိထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများကို စနစ်တကျနားလည်အောင် အခြေခံကစပြီး သင်တန်းများကို ဖွင့်စေလိုခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှာ လုပ်နေကြတဲ့ ဝန်ထမ်းများက ဘဏ္ဍာရေးစံများ မှားလို့မရသလို စာရင်းတွေလည်း မှားလို့မရကြောင်း၊ နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ-IPSAS သင်တန်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း၊ ဒါ့ပြင်ဝန်ထမ်းတိုင်း အဂတိတရားကင်းရှင်းရန် အထူးဂရုပြုစေလိုကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အစဉ်တစိုက် ကြိုးစားအားထုတ်ခြင်း၊ အသစ်သစ်သော ပညာရပ်များကို ဆက်လက်လေ့လာသင်ယူခြင်းနှင့် ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးမှာ AI ဆိုတဲ့နည်းပညာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် မိမိတို့ နောက်မကျစေရန် ကြိုးစားအားထုတ်ကြဖို့ မှာကြားလိုပါကြောင်း၊ ငယ်ရွယ်သူတွေဖြစ်တဲ့အတွက် အလုပ်ကိုယ်စီများကြမှာဖြစ်ပါကြောင်း၊ ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းယှဉ်လာပါက လုပ်ငန်းကို ဦးစားပေးကြစေလိုပါကြောင်း၊ ယခုသင်တန်းတက်ရောက်သူများသည် ဌာန၏ တာဝန်များကို ပခုံးပြောင်း၍ ဆက်လက်တာဝန်ယူကြရမည့် မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းသား/သူများအနေဖြင့် ယနေ့သင်တန်းဆင်းပွဲသည် လုပ်ငန်းခွင်တွင် သင်ယူမှုခရီး၏ အစသာဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သိရှိလေ့လာခဲ့မှုများအပေါ် အခြေခံ၍ မိမိ၏အရည်အသွေးများ တောက်ပြောင်နေစေရန် မိမိကိုယ်ကို အမြဲတမ်းလေ့ကျင့်ပျိုးထောင်ကြရန်ဖြစ်ပါကြောင်းနှင့် ဌာနက အားကိုးအားထားပြုရတဲ့ ဝန်ထမ်းကောင်းများ၊ ဝန်ကြီးဌာနအတွက် နိုင်ငံတော်အတွက် ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ အမှုထမ်း ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၆) ရက် ကြာမြင့်ခဲ့ပါသည်။