ငွေသားစီမံချက်ရေးဆွဲခြင်းဆိုင်ရာအစည်းအဝေး (၂၄−၅−၂၀၂၂)
ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ငွေသားလိုအပ်ချက် ကြိုတင်ခန့်မှန်းခြင်းကို တိကျစွာလုပ်ဆောင်နိုင်ခြင်းဖြင့် ငွေကြေးစီမံခန့်ခွဲမှုကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၅−၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ငွေသားစီမံချက်ကို ခန့်မှန်းရေးဆွဲလျှက်ရှိပါသည်။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငွေသားစီမံချက်များ ခန့်မှန်းရေးဆွဲရာတွင် ခန့်မှန်းနှင့်အမှန်ကွဲလွဲမှု၊ ငွေသားစီမံချက်အရ ငွေထုတ်ကန့်သတ်ချက်နှင့် မြန်မာ့စီးပွားရေးဘဏ်၏ ငွေထုတ်ကန့်သတ်ချက်တို့အကြား ကွဲလွဲမှုများ လျော့နည်းစေရေးအတွက် ၂၄−၅−၂၀၂၂ ရက်နေ့မှ ၂၆−၅−၂၀၂၂ ရက်နေ့အထိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ငွေကြေးစီမံခန့်ခွဲမှုဌာနခွဲမှ တာဝန်ရှိသူများ၊ ဌာန၊ အဖွဲ့အစည်း (၄၃) ခုမှ အရာထမ်း၊ အမှုထမ်း (၁၀၃) ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀−၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေသားစီမံချက်ရေးဆွဲခြင်းအပေါ် သုံးသပ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသောဌာန၊ အဖွဲ့အစည်းများက ငွေသားစီမံချက်နှင့်စပ်လျဉ်း၍ ကွာခြားချက်များကို ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ငွေသားစီမံချက်ရေးဆွဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြခြင်းတို့ဆောင်ရွက်ခဲ့ရာ ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ငွေသားစီမံချက် ခန့်မှန်းခြင်းနှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားရမည့်အချက်များနှင့်တကွ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ သို့ပါ၍ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေသားစီမံချက်ရေးဆွဲရာတွင် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် အနီးစပ်ဆုံးခန့်မှန်းရေးဆွဲမည် ဖြစ်ပါသည်။