ငွေတိုက်ဦးစီးဌာန၏ Financial Information Reporting System for Treasury – FIRST စနစ်အား အသုံးပြုနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်ပြုလုပ်သည့် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်း (၂၃-၆-၂၀၂၀)
မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငွေတိုက်ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘတ်ဂျက်အကောင်အထည်ဖော်မှု၊ ဘဏ္ဍာရေးအစီရင်ခံမှု တိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် Financial Information Reporting System for Treasury – FIRST စနစ်အား အသုံးပြုနိုင်ရန်အတွက် ဒုတိယအကြိမ် ပြုလုပ်သည့် သင်တန်းဖွင့်ပွဲကို ၂၃-၆-၂၀၂၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ သင်တန်းတက်ရောက်ရန် ဖိတ်ကြားထားသည့် ဌာန၊အဖွဲ့အစည်း (၂၀) မှ အရာထမ်း၊အမှုထမ်း (၄၁) ဦး တက်ရောက်ခဲ့ပါသည်။
ငွေတိုက်ဦးစီးဌာနအနေဖြင့် ဌာန၊အဖွဲ့အစည်းများ၏ လစဉ်၊ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေစာရင်းများ ပြုစုပေါင်းချုပ်ခြင်းကို Manual ဖြင့် ဆောင်ရွက်နေခြင်းအား Automation System အသုံးပြုဆောင်ရွက်ရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းများက ငွေတိုက်ဦးစီးဌာနသို့ လစဉ်အမှန်စာရင်းများကို FIRST စနစ်ဖြင့် ပေးပို့နိုင်ရန်အတွက် Pilot Project အဖြစ် ဌာန၊အဖွဲ့အစည်း (၁၄) ခု ရွေးချယ်၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပထမအကြိမ် သင်တန်းပေးခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ယင်းဌာန၊ အဖွဲ့အစည်း (၁၄) ဖွဲ့ အပြင် (၆) ဖွဲ့ ပေါင်း၍ စုစုပေါင်း ဌာန၊အဖွဲ့အစည်း (၂၀) ဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများအား ဘဏ္ဍာရန်ပုံငွေစာရင်းပြုစုပေါင်းချုပ်ခြင်း၊ ငွေသားစီမံချက်အား ငွေထုတ်ကန့်သတ်ချက် (Drawing Limit) နှင့်တကွ ရေးဆွဲခြင်းတို့ကို Manual System မှ Automation System သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် သင်တန်းပေးခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းအား ၂၃-၆-၂၀၂၀ ရက်နေ့ မှ ၂၅-၆-၂၀၂၀ ရက်နေ့အထိ FIRST စနစ်သို့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ ထည့်သွင်း၍ အစီရင်ခံစာပေးပို့ခြင်းကို လက်တွေ့ဆောင်ရွက်မည် ဖြစ်ပါသည်။
အဆိုပါစနစ်အား အသုံးပြုခြင်းဖြင့် အရည်အသွေးမီ ဘဏ္ဍာရေးအစီရင်ခံစာထုတ်ပြန်နိုင်မည်ဖြစ်ပြီး ငွေသားစီမံချက်အရ ပိုငွေ၊ လိုငွေအခြေအနေတို့ကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ခြင်း ၊ အစိုးရငွေကြေးစီမံခန့်ခွဲမှုနှင့် ကြွေးမြီစီမံခန့်ခွဲမှုကို အပြည့်အဝစီမံခန့်ခွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စတင်၍ ဌာန/အဖွဲ့အစည်းများအနေဖြင့် လစဉ်အမှန်စာရင်းများ ၊ ငွေသားစီမံချက်များကို FIRST စနစ်ကို အသုံးပြုပြီး ငွေတိုက်ဦးစီးဌာနသို့ ပေးပို့နိုင်ရန် ရည်မှန်းထားပါသည်။