“အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ National Institute of Labour Economics Research and Development တွင် International Training Programme on Digitalization and Human Resource Management သင်တန်း” အား တက်ရောက်ခဲ့မှုအား အသိပညာ၊ ဗဟုသုတ ပြန်လည်မျှဝေခြင်း (၂၅−၉-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၊ National Institute of Labour Economics Research and Development တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “International Training Programme on Digitalization and Human Resource Management” သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲကိုကိုထွန်းမှ ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၉) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် သမားရိုးကျ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်မှ ဒီဂျစ်တယ်နည်းပညာအခြေပြုစနစ်များနှင့် ဒေတာအခြေပြုစီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းသည် လုပ်ငန်းစဉ်များကို အလိုအလျောက်ဆောင်ရွက်နိုင်စေရုံသာမက အဖွဲ့ အစည်း၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များကို ထိရောက်စွာ အထောက်အကူပြုနိုင်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အမူအကျင့်နှင့် သဘောထားများကို စနစ်တကျခွဲခြမ်းစိတ်ဖြာသည့် Competency Mapping မူဘောင်ကို ကျင့်သုံးခြင်းဖြင့် ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်း၊ စွမ်းဆောင်ရည်အကဲဖြတ်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပိုမိုတိကျ၍ ဘက်လိုက်မှုကင်းသော စီမံခန့်ခွဲ မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံ၏ ဒီဂျစ်တယ်အိန္ဒိယ အစီအစဉ်အောက်ရှိ အစိုးရအီလက်ထရောနစ်စနစ်များနှင့် iGOT-Karmayogi သင်ကြားရေး ဂေဟစနစ်တို့သည် မြန်မာနိုင်ငံ၏ ပြည်သူ့ဝန်ဆောင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းများအတွက် အတုယူဖွယ် စံနမူနာကောင်းများ ဖြစ်ပါကြောင်း၊ Artificial Intelligence (AI) Tutor၊ HR Analytics နှင့် Machine Learning နည်းပညာများကို အသုံးပြု၍ လူကိုယ်တိုင် တိုက်ရိုက် တွေ့ဆုံရန်မလိုဘဲ ဝန်ထမ်းသစ် စိစစ်ရွေးချယ်ခြင်းသည် အချိန်နှင့် ကုန်ကျစရိတ်ကို သိသာစွာ လျှော့ချပေးနိုင်ပါကြောင်း၊ ထို့ကဲ့သို့သော AI နည်းပညာသည် လူသားတို့၏ ဆုံးဖြတ်ချက်ကို အစားထိုးရန်မဟုတ်ဘဲ အထောက်အကူပြုရန်သာဖြစ်ပြီး အချက်အလက်လုံခြုံရေး၊ ဘက်လိုက်မှု ကင်းရှင်းရေးနှင့် လူသားများ၏ လွှမ်းမိုးပြင်ဆင်နိုင်ခွင့်တို့ကို စဉ်ဆက်မပြတ် စိစစ်ရန် လိုအပ်ပါကြောင်းနှင့် ဒီဂျစ်တယ်စနစ်များသို့ ပြောင်းလဲရာတွင် အချက်အလက် လုံခြုံ စိတ်ချရမှုနှင့် စနစ်၏ တည်ငြိမ်စိတ်ချရမှုတို့သည် အဓိကဖြစ်သဖြင့် Cloud ဝန်ဆောင်မှုများ ကို စနစ်တကျ ပေါင်းစပ်အသုံးပြုရန် လိုအပ်မည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ Human Resource Management သင်တန်းနှင့်စပ်လျဉ်း၍ HRMS စနစ်အား ဌာနရှိ စီမံရေးရာဌာနစုမှ တာဝန်ယူဆောင်ရွက်နေရသည့်အတွက် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲနှင့် ပူးပေါင်း၍ လိုအပ်သည်များအား သုံးသပ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။