“Program on Public Debt Management " သင်တန်းတက်ရောက်ခဲ့မှုအား အသိပညာ၊ ဗဟုသုတ ပြန်လည်မျှဝေခြင်း (၉−၁၀-၂၀၂၆)


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Public Debt Management Office တွင်ဖွင့်လှစ်ပို့ချခဲ့သည့် “Program on Public Debt Management "  သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်ကြသော၊ ဒေါ်ခင်ဆယ်ဝင်း၊ ဒေါ်ဟေမာနှင်းနှင့် ဦးစီးအရာရှိများဖြစ်ကြသော ဒေါ်တင်တင်နွယ်၊ ဒေါ်အိလှိုင်နှင်းတို့မှ သင်တန်းတက်ရောက်ခဲ့မှုအား အသိပညာ၊ ဗဟုသုတ ပြန်လည်မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ ​နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် ထိုင်းနိုင်ငံ၏ အစိုးရကြွေးမြီစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ(Medium-Term Debt Management Strategy– MTDS) ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် (Domestic Bond Market) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေးအရင်းအမြစ် ရှာဖွေဖြည့်ဆည်းခြင်း) Infrastructure Project Financing)၊ ပြည်ပချေးငွေရယူခြင်းနှင့် ကြွေးမြီပြန်လည်ပေးဆပ်ခြင်း၊ ငွေသားနှင့် ငွေဖြစ်လွယ်မှု စီမံခန့်ခွဲခြင်း (Cash and Liquidity Management) တို့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ချေးငွေဆိုင်ရာအန္တရာယ်ကို အကဲဖြတ်သည့် Credit Scoring စနစ်တို့နှင့် စပ်လျဉ်း၍ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတများနှင့် အတွေ့အကြုံများကို ငွေတိုက်ဦးစီးဌာန၏ လက်ရှိလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ မိမိနိုင်ငံ၏ ကြွေးမြီစီမံခန့်ခွဲမှုနှင့် ထိုင်းနိုင်ငံတွင် လေ့လာသင်ကြားခဲ့ရသော ထိုင်းနိုင်ငံ၏ Public Debt Management အား နှိုင်းယှဉ်၍ မိမိနိုင်ငံ၏ ကြွေးမြီစီမံခန့်ခွဲမှုစနစ်အား ပိုမိုအားကောင်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အသိပညာ၊ ဗဟုသုတမျှဝေခြင်း (Knowledge Sharing) ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဝန်ထမ်းများအနေဖြင့် ဖြည့်စွက်ဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။