ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်လှစ်ခြင်း (၂၆-၆-၂၀၂၆)
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ဌာနဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကြည်ဇင်ထွန်း၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က ငွေတိုက်ဦးစီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်သည့်ဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူရသည့် ဘာသာရပ်များ အပေါ် အလေးအနက်ထားသင်ယူကြရန်လိုအပ်ပါကြောင်း၊ သင်တန်းပို့ချမှုများကို လေ့လာမှတ်သားရုံသာမက မိမိလုပ်ငန်းအတွက် အကျိုးရှိရန် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် လိုအပ်ပါကြောင်း၊ သင်ယူခဲ့ရသည့် ဘာသာရပ်များအားလည်း လုပ်ငန်းနယ်ပယ်မှာ လက်တွေ့ပြန်လည်အသုံးချနိုင်သည်အထိ လေ့လာကြရန်လိုအပ်ကြောင်းနှင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနကောင်းကျိုး၊ ဝန်ကြီးဌာနကောင်းကျိုး ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ အမှုထမ်း ၂၀ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၆) ရက် ကြာမြင့်မည်ဖြစ်ပါသည်။