“Project and Risk Management For Public Works-BIMSTEC” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၉-၆-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊နယူးဒေလီမြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Project and Risk Management For Public Works-BIMSTEC” သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဦးဇင်မင်းဦးမှ ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၃၇)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် အခြေခံအဆောက်အုံစီမံကိန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ အကဲဖြတ်ခြင်းနည်းလမ်းများ၊ စီမံကိန်းများအား ဆောင်ရွက်ရာတွင် ငွေကြေးအရသာမက လူမှုပတ်ဝန်းကျင်အတွက်ပါ အမှန်တကယ် အကျိုးရှိ၊ မရှိကို စိစစ်သည့် နည်းလမ်းများ၊ စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများအား ခန့်မှန်း၍ ကြိုတင်ကာကွယ်မှု ပြုလုပ်ရန်နည်းလမ်းများ၊ စီမံကိန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အပြန်အလှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေး (Communication) ၏ အရေးပါမှုများ၊ စီမံကိန်းများအား စောင့်ကြည့်စစ်ဆေးခြင်း (Monitoring) နှင့် အကဲဖြတ်ခြင်း (Evaluation) ဆိုင်ရာ Framework များ၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများကို တည်ဆောက်၍ နောက်ဆက်တွဲကုန်ကျစရိတ်များကို လျှော့ချရန် လိုအပ်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတက်ရောက်ကြရသည့် ဝန်ထမ်းများအနေဖြင့် သင်ကြားခဲ့ရသည့် ဘာသာရပ်များနှင့်ပတ်သက်၍ အသေးစိတ် ဆက်လက်လေ့လာဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ်အား (၁၁:၀၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။