“အိန္ဒိယသမ္မတနိုင်ငံ၊ အဟ်မဒါဘတ်မြို့၊ Gujarat University တွင် မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှုနှင့် Millennials and G Z တို့အကြား နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်းအား” အသိပညာပြန်လည်မျှဝေခြင်း (၂၈−၈-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊ အဟ်မဒါဘတ်မြို့၊ Gujarat University တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “ MBA in Business Economics and Public Finance” စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနှင့် ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်ခင်ထားနွယ်မှ မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှုနှင့် Millennials and G Z တို့အကြား နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်းအား အသိ ပညာပြန်လည်မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့သည့် ပညာသင်ကာလ (၂) နှစ်အတွင်း ဘာသာရပ် (၂၄) ခု လေ့လာသင်ကြားခဲ့ရပြီး သုတေသနစာတမ်း (၃)ခုအား ပြုစုတင်ပြခဲ့ရပါကြောင်းနှင့် အဆိုပါသုတေသနစာတမ်း(၃)ခုအနက် ဒစ်ဂျစ်တယ်ခေတ်တွင် အကြွေးစနစ်ပုံမှန်ဖြစ်လာမှု: အဟ်မဒါဘတ်မြို့ရှိ Millennials and G Z တို့၏ ငွေကြေးဆိုင်ရာအမြင်များအပေါ် Instant Credit Apps များ၏ သက်ရောက်မှုကို နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်း နှင့်ပတ်သက်၍ ဒစ်ဂျစ်တယ်ခေတ်တွင် G Z များနှင့် Millennials များအား Digital lending ၊ Instant Credit Apps များနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာမူဝါဒချမှတ်သူများမှ စည်းမျဉ်းစည်းကမ်းများ ချမှတ်သင့်ပါကြောင်း၊ ဒစ်ဂျစ်တယ်ငွေချေးငှားခြင်းလုပ်ငန်းစဉ်များအား ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ ချေးငွေနှင့်သက်ဆိုင်သည့် အတိုးနှုန်း၊ ဝန်ဆောင်ခ၊ ပြန်လည်ပေးဆပ်ရမည့်တာဝန်များ၊ ချေးငွေအား အချိန်မီပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက ရရှိနိုင်မည့် အကျိုး/အပြစ်များနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားသင့်ပါကြောင်း၊ Millennials နှင့် G Z များအတွက် တာဝန်သိစွာ ချေးငွေရယူခြင်းဆိုင်ရာ အသိ ပညာပေးအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်းနှင့် ချေးငွေထုတ်ချေးသူများအား တာဝန်သိစိတ်ရှိသော ချေးငွေထုတ်ချေးမှုဆိုင်ရာ ကျင့်စဉ်များကို ကျင့်သုံးရန် တိုက်တွန်းသင့်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ မဟာဘွဲ့သင်တန်းတက်ရောက်မှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများအနေဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြင်ပသင်တန်းများကိုလည်း တက်ရောက်စေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ်အား (၃:၀၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။