ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်း အရာထမ်းများ မွမ်းမံသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်(၂၆-၃-၂၀၂၆)
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်း အရာထမ်းများမွမ်းမံသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)တွင် ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာ၌ နိုင်ငံသားတိုင်း သိထားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ ဝန်ထမ်းများ သိရှိဆောင်ရွက်ရမည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇) နှင့် နိုင်ငံတကာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို စာတွေ့/လက်တွေ့ပို့ချပေးခဲ့ပါကြောင်း၊ ငွေတိုက်ဦးစီးဌာန၏ မူဝါဒဖြစ်သည့် “ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ရန်” နှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ခိုင်မာတောင့်တင်းလာစေရန် ဌာနရှိဝန်ထမ်းများက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန်နှင့် ဌာနက အားကိုးအားထားပြုသည့် ဝန်ထမ်းကောင်းများဖြစ်ကြရန် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က သင်တန်းတွင် ဆုရရှိကြသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
ယခုသင်တန်းအား ၁၉-၂-၂၀၂၆ ရက်မှ ၂၀-၃-၂၀၂၆ ရက်အထိ (၂၁) ရက်ကြာဖွင့်လှစ်ပို့ချခဲ့ပြီး အရာထမ်း (၃၃) ဦး တက်ရောက်ခဲ့ပါသည်။