ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ရေး (Chart of Accounts) လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း (၂၅-၁၁-၂၀၂၀)


ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ရေး (Chart of Accounts) လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၅-၁၁-၂၀၂၀ ရက်နေ့ ၊ နေ့လယ် (၁:၀၀) နာရီတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ 

ပထမဦးစွာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ရေး (Chart of Accounts) လုပ်ငန်းစဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ 

နိုင်ငံတကာစံနှုန်းနှင့်အညီဖြစ်စေရန် ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ရေး(Chart of Accounts) အား စီမံအုပ်ချုပ်မှုဆိုင်ရာအမျိုးအစားခွဲခြားခြင်း (Administrative Classification)နှင့် စီးပွားရေးဆိုင်ရာ အမျိုးအစားခွဲခြားခြင်း (Economic Classification) တို့ကို ဆောင်ရွက်ရန်အတွက် ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ရေး (Chart of Accounts) ကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအားရုပ်သိမ်းခဲ့ပါသည်။

အစိုးရဌာန/အဖွဲ့အစည်းများ၏ငွေစာရင်းခေါင်းစဉ်များစုဖွဲ့သတ်မှတ်ခြင်းဖြင့် စီမံကိန်းရေးဆွဲရာတွင် အထောက်အကူဖြစ်စေခြင်း၊ ဘတ်ဂျက်စီမံခန့်ခွဲမှုအား အထောက် အကူဖြစ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် ရှင်းလင်းလွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။