စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ကျင်းပသည့် Tripartite Portfolio Review Mission-TPRM for ADB’s Myanmar Sovereign Loan Portfolio အစည်းအဝေး ကျင်းပခြင်း (၂၈-၁၁-၂၀၁၉)
အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) ချေးငွေ/ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များ၏ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် Tripartite Portfolio Review Mission-TPRM for ADB’s Myanmar Sovereign Loan Portfolio အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၊ Park Royal Hotel ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ပူးပေါင်း၍ ကျင်းပခဲ့ကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တက်ရောက်၍ လမ်းညွှန်ချက်အမှာစကားပြောကြားခဲ့ပြီး ADB မှ Country Director ဖြစ်သူ Mr. Newin Sinsiri က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူ စုစုပေါင်း (၇၃) ဦး တက်ရောက်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်၊ ကြွေးမြီရှင်းလင်းပြီးနောက် ADB ထံမှ ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာအကူအညီများပိုမိုရရှိလာခဲ့ရာ ၃၀-၉-၂၀၁၉ ရက်နေ့အထိ စီမံကိန်း (၁၃) ခုအတွက် ချေးငွေပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၇၀၂.၆၉၇ သန်းခန့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ဌာန / အဖွဲ့အစည်းများအနေဖြင့် တွေ့ကြုံရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီအဖြေရှာနိုင်ရန်အတွက် ယခုကဲ့သို့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါသည်။