ငွေသားစီမံချက် (Cash Plan) နှင့် ငွေထုတ်ကန့်သတ်ချက် (Drawing Limit) တို့ ချိတ်ဆက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း (၄-၉-၂၀၁၈)


ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ငွေသားရရှိမှု၊ ငွေသားပေးချေမှုများနှင့်ပတ်သက်၍ လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သောငွေကြေးပမာဏရရှိရန် ကြိုတင်စီမံခြင်း၊ စောင့်ကြည့်ဖြည့်တင်းခြင်းတို့ကို အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း လအလိုက် ငွေသားစီးဝင်မှု/စီးထွက်မှုတို့ကို ကြိုတင်သိရှိထားရန် ငွေသားစီမံချက်ရေးဆွဲခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်မှစ၍ ငွေသားစီမံချက်အား မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်သည့် ငွေထုတ်ကန့်သတ်ချက်နှင့်  ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများသည် ၄-၉-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ငွေသားစီမံချက်နှင့် ငွေထုတ်ကန့်သတ်ချက်တို့ ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို ရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ပြန်လည်ရှင်းလင်းတင်ပြကြပါသည်။ ဆွေးနွေးပွဲသို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ ဦးစီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ပါသည်။