အက်ခ်မက် အရာရှိကြီးများအစည်းအဝေး (ACMECS Senior Officials’ Meeting – SOM) သို့ တက်ရောက်ခြင်း ( ၂၅-၂-၂၀၂၆ )


မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ အက်ခ်မက်အရာရှိကြီးများအစည်းအဝေး (ACMECS Senior Officials’ Meeting – SOM) အား Video Conferencing စနစ်ဖြင့် ၂၅-၂-၂၀၂၆ ရက်နေ့ နေ့လယ် ၂:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင် (၅) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အက်ခ်မက်မဏ္ဍိုင် (၃) ရပ်၏ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများနှင့် (၇) ကြိမ်မြောက် အက်ခ်မက်ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th SFOM) ၏ ဥက္ကဋ္ဌဖြစ်သူ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်စီစီပြုံးနှင့်အဖွဲ့က တက်ရောက်ခဲ့ပါသည်။

ဦးစွာ SOM ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အစီအစဉ်အတိုင်း အစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးတွင် အက်ခ်မက်မဏ္ဍိုင် (၁) နှင့် (၂) တို့၏ ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးခဲ့သည့် ACMECS Master Plan (2019-2023) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ 7th SFOM တွင် ACMECS Development Fund (ACMDF) တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့မှုအခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ အလှည့်ကျဥက္ကဋ္ဌများက  အသီးသီးအစီရင်ခံတင်ပြခဲ့ပါသည်။

ထို့နောက် SOM ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ACMECS Master Plan အသစ်ရေးဆွဲရေး၊ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ ACMECS ဦးစားပေး စီမံကိန်းများအား ပြန်လည်သုံးသပ်ရေးကိစ္စရပ်များအား တင်ပြခဲ့ရာ အဆိုပါကိစ္စရပ်များအပေါ် အဖွဲ့ဝင်နိုင်ငံများမှ ACMECS Master Plan နှင့် ဦးစားပေးစီမံကိန်းများအား ပြန်လည်သုံးသပ်ရေး ကိစ္စရပ်များအားလည်းကောင်း၊ ACMDF ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ACMECS Interim Secretariat (AIS) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဖွံဖြိုးမှုမိတ်ဖက်များ၏ ရန်ပုံငွေထည့်ဝင်မှုများ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် 11th ACMECS Summit ဆောင်ရွက်ရေးကိစ္စရပ်များအားလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ညနေ ၄:၀၀ နာရီတွင် အစည်းအဝေး ပြီးစီးခဲ့ပါသည်။