စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် Annual Consultation Meeting ကျင်းပခြင်း (၂၉-၁-၂၀၁၉)


မြန်မာနိုင်ငံသို့ ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (French Development Agency-AFD) က ကူညီပံ့ပိုးလျက်ရှိသည့် စီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် Annual Consultation Meeting ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် M-Gallery Hotel ၊ နေပြည်တော်၌  ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Christian Lechervy နှင့် AFD မှ South East Asia AFD Director ဖြစ်သူ Mr. Yazid Bensaid တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သူဇာခင်ကလည်းကောင်း၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများကို ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းစုကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍  AFD ထံမှ ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ AFD မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခြင်း၊ အကြံပြုဆွေးနွေးခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် AFD မှ ကူညီပံ့ပိုးလျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးချက်များအပေါ် AFD မှ South East Asia AFD Director ဖြစ်သူ Mr. Yazid Bensaid နှင့် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးတို့က သုံးသပ်ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန/ မူပိုင်ခွင့်ဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပါသည်။