စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်းကျင်းပသည့် “Portfolio Review Meeting on-going ODA Loan Projects(MY-P1~MY-P30)” အစည်းအဝေးကျင်းပခြင်း (၅-၂-၂၀၂၀)


ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency-JICA) ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များ၏ အကောင်အထည်ဖော်နိုင်မှု၊ ရင်ဆိုင်ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် Portfolio Review Meeting on-going ODA Loan Projects (MY-P1~MY-P30) အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၊ Park Royal Hotel ၌ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  (JICA)  တို့ပူးပေါင်း၍ ကျင်းပခဲ့ကြရာ  စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် JICA Myanmar မှ Senior Representative  ဖြစ်သူ Mr. SAKAI Mamoru တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့  ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့မီးရထား၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊  တံတားဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူ စုစုပေါင်း (၇၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် ကြွေးမြီရှင်းလင်းပြီးနောက် JICA ထံမှ ချေးငွေ၊ ထောက်ပံ့ငွေနှင့်အကူအညီရငွေများ  ပိုမိုရရှိလာခဲ့ရာ ၃၁-၁-၂၀၂၀ ရက်နေ့အထိ စီမံကိန်း (၃၀) ခုအတွက် ချေးငွေပမာဏစုစုပေါင်း ဂျပန်ယန်း (၆၄၈.၈၉၇) ဘီလီယံခန့်ကို စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ အစည်းအဝေးတွင် JICA ​ချေးငွေဖြင့်  စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ဌာန/အဖွဲ့အစည်းများက စီမံကိန်းအလိုက် အကောင်အထည်ဖော်ပြီးစီးမှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ညှိနှိုင်းရန်လိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် JICA တို့က ညှိနှိုင်းအဖြေရှာပေးကြပါသည်။ ဤသို့ Portfolio Review Meeting ကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးနှင့် သတ်မှတ်ကာလများအတွင်း ပြီးစီးနိုင်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။