စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်းကျင်းပသည့် “Portfolio Review Meeting on-going ODA Loan Projects(MY-P1~MY-P30)” အစည်းအဝေးကျင်းပခြင်း (၅-၂-၂၀၂၀)


ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency-JICA) ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များ၏ အကောင်အထည်ဖော်နိုင်မှု၊ ရင်ဆိုင်ကြုံတွေ့ရသည့်အခက်အခဲများ ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် Portfolio Review Meeting on-going ODA Loan Projects(MY-P1~MY-P30) အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၊ Park Royal Hotel ၌ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  (JICA)  တို့ပူးပေါင်း၍ ကျင်းပခဲ့ကြရာ  စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် JICA Myanmar မှ Senior Representative  ဖြစ်သူ Mr. SAKAI Mamoru တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့  ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာန ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့မီးရထား၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊  တံတားဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူ စုစုပေါင်း (၇၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် ကြွေးမြီရှင်းလင်းပြီးနောက် JICA ထံမှ ချေးငွေ၊ထောက်ပံ့ငွေနှင့်အကူအညီရငွေများ  ပိုမိုရရှိလာခဲ့ရာ ၃၁-၁-၂၀၂၀ ရက်နေ့အထိ စီမံကိန်း (၃၀) ခုအတွက် ချေးငွေပမာဏ စုစုပေါင်း ဂျပန်ယန်း (၆၄၈.၈၉၇) ဘီလီယံခန့်ကို စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ အစည်းအဝေးတွင် JICA ​ချေးငွေဖြင့်  စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည့် ဌာန/အဖွဲ့အစည်းများက စီမံကိန်းအလိုက် အကောင်အထည်ဖော်ပြီးစီးမှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ညှိနှိုင်းရန်လိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာဌာနများ နှင့် JICA တို့က ညှိနှိုင်းအဖြေရှာပေးကြပါသည်။ ဤသို့ Portfolio Review Meeting ကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးနှင့် သတ်မှတ်ကာလများအတွင်း ပြီးစီးနိုင်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။