“Online Security Awareness” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၃-၇-၂၀၂၆)
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Online Security Awareness” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့်အမှုထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။
၎င်းသင်တန်းသို့ ဦးစီးအရာရှိ၊ ဦးရဲကိုကိုထွန်းက ၈-၆-၂၀၂၆ ရက်မှ ၁၂-၆-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် Online Security အကြောင်းအရာများ၊ အင်တာနက် အသုံးပြုသူတိုင်း ကြုံတွေ့ရလေ့ရှိသော အန္တရာယ်များနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်များကို ခွဲခြားသိရှိနိုင်ပြီး တွေ့ကြုံရပါက ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အင်တာနက် အသုံးပြုရာတွင် သိသင့်သိထိုက်သည့်အသိပညာများကို သိရှိနားလည်ပြီး ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ၊ အင်တာနက်ကို လုံခြုံမှုရှိစွာ အသုံးပြုနိုင်ရန် Online Security အရ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် IT နှင့်စပ်လျဉ်းသည့် ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတင်းအချက်အလက် လုံခြုံမှုရှိစေရန် Online Security အရ သတ်မှတ်ချက်များနှင့်အညီ ဝန်ထမ်းများကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဌာနတွင်း IT သင်တန်းများဖွင့်လှစ်လျှင် “Online Security Awareness” အား ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားရန်နှင့် ဝန်ထမ်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။