ဌာနတွင်းစာရင်းစစ်ဆေးရေးအဖွဲ့များအတွက် အထူးကာလတိုသင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၅-၆-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်းစာရင်းစစ်ဆေးရေးအဖွဲ့များအတွက် အထူးကာလတိုသင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်စုရည်မွန်က ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများမျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် ဌာနတွင်းစာရင်းစစ်ဆေးခြင်း၏ အဓိပွါယ်၊ ရည်ရွယ်ချက်နှင့်ဖွဲ့စည်းရန်လိုအပ်မှု၊ ဌာနတွင်းစာရင်းစစ်ကော်မတီနှင့်၎င်း၏တာဝန်များ၊ စာရင်းစစ်ဆေးမှုနယ်ပယ်များ၊ လုပ်ပိုင်ခွင့်အာဏာများ၊ အခြေခံမှုများနှင့်ကျင့်ဝတ်များ၊ ဌာနတွင်းနှင့် ပြင်ပစာရင်းစစ်ကြားဆက်နွယ်ပတ်သက်မှု၊ စာရင်းစစ်ဌာနခွဲ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍   ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဌာနတွင်းစာရင်းစစ်ခြင်းနှင့်ပြင်ပစာရင်းစစ်ဆေးခြင်းများအား ဖြည့်စွက်ဆွေးနွေးခြင်း၊ စာရင်းစစ်ကန့်ကွက်ချက်မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်သင့်သည်များအား မှာကြားခဲ့ပြီး ဗဟုသုတ၊ အတွေ့အကြုံမျှဝေခြင်းအစီစဉ်အား နေ့လယ် (၁:၃၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။