“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊China University of Geosciences တွင် Master of Applied Economics" အသုံးချစီးပွားရေးပညာမဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှု အသိပညာပြန်လည်မျှဝေခြင်း (၁၁−၉-၂၀၂၆)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ China University of Geosciences တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Master of Applied Economics" အသုံးချစီးပွားရေးပညာမဟာဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်သူဇာဝေမှ မဟာဘွဲ့ သင်တန်းတက်ရောက်ခဲ့မှုအား အသိပညာပြန်လည်မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် တရုတ်နိုင်ငံ၏ ပညာသင်ဆုအခွင့်အလမ်းများ၊ တက္ကသိုလ်ပညာရေးစနစ်၊ သင်ယူလေ့လာမှုနှင့် သုတေသနဆောင်ရွက်မှု၊ ကျောင်းသားဘဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို တင်ပြပြီးနောက် ၎င်းပြုစုခဲ့သည့် ASEAN (၁၀) နိုင်ငံ၏ ၂၀၀၀-၂၀၂၃ ကာလအတွင်း နိုင်ငံတကာ ကုန်သွယ်ခြင်းသည် စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်ပုံကို လေ့လာထားသည့် ဘွဲ့ယူစာတမ်းနှင့် စပ်လျဉ်းပြီး တွေ့ရှိချက်များကိုလည်း မျှဝေခဲ့ပါသည်။ သုတေသနရလဒ်အရ နိုင်ငံတကာ ကုန်သွယ်မှုသည် စီးပွားရေးတိုးတက်မှုအပေါ် အပြုသဘောဆောင်၍ သိသာထင်ရှားသော သက်ရောက်မှုရှိပြီး၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုသည် အရေးအကြီးဆုံးဆက်သွယ်ပေးသည့် လမ်းကြောင်းဖြစ်ကာ အခြေခံအဆောက်အအုံနှင့် နည်းပညာတိုးတက်မှုတို့သည်လည်း ကုန်သွယ်ခြင်းမှတစ်ဆင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုကြောင်း၊ အစိုးရ၏ စီမံခန့်ခွဲမှုထိရောက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်ခြင်းတို့က ကုန်သွယ်မှု၏ အကျိုးသက်ရောက်ပုံကို ပိုမိုအားကောင်းစေကြောင်း၊ ဒေသတွင်းကုန်သွယ်မှုပေါင်းစည်းခြင်းကို ပိုမိုမြှင့်တင်ခြင်း၊ ပို့ကုန်နှင့်သွင်းကုန်အား ဟန်ချက်ညီစွာ ဖွံ့ဖြိုးစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ အုပ်ချုပ်မှုအရည်အသွေးမြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုအတားအဆီးများကို သင့်လျော်စွာ လျှော့ချခြင်းတို့ကို နိုင်ငံတစ်နိုင်ငံချင်း၏ အခြေအနေနှင့်အညီ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မဟာဘွဲ့သင်တန်းတက်ရောက်မှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး သင်တန်းမှ လေ့လာခဲ့ရသည့် အသိပညာများအား လက်တွေ့လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ အသုံးချစေလိုကြောင်း မှာကြားခဲ့ပါသည်။