သဘာဝသယံဇာတအရင်းအမြစ် ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း (၃၀-၁-၂၀၂၀)


စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန နှင့် Norwegian Agency for Development Cooperation (Nored) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Oil for Development (OfD) Programme - Revenue Management ၏ နှစ်ပတ်လည်အစည်းအဝေး (Annual Meeting) အား ၃၀-၁-၂၀၂၀ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့်တာဝန်ရှိသူများ နော်ဝေနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Vegard Pedersen နှင့် Noradမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Vegard Pedersen နှင့် Noradမှ OfD Senior Advisor ဖြစ်သူ Ms. Marte Briseid တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပါသည်။ ယင်းနောက် ၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် လုပ်ငန်းတိုးတက်မှုနှင့် ၂၀၂၀ ခုနှစ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အပေါ် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြပြီး ၂၀၁၉ ခုနှစ်၊ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာနှင့် ၂၀၂၀ ခုနှစ်၊ လုပ်ငန်းစီမံချက်များအား အတည်ပြုခဲ့ကြပါသည်။ အစည်းအဝေးအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအား စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ယူ / တာဝန်ခံမှုရှိစွာဖြင့် ထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်သောမူဝါဒများချမှတ်နိုင်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေး တည်ဆောက်နိုင်ရန်အတွက် ယခုကဲ့သို့ Norad နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။