ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ Financial Information Reporting System for Treasury – FIRST စနစ်အား အသုံးပြုရန် တတိယအကြိမ်မြောက်သင်တန်း ပြုလုပ်ခြင်း (၂၈-၁၂-၂၀၂၀)


မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငွေတိုက်ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘတ်ဂျက်အကောင်အထည်ဖော်မှု၊ ဘဏ္ဍာရေးအစီရင်ခံမှု တိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် Financial Information Reporting System for Treasury – FIRST စနစ်အား ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအားလုံး အသုံးပြုနိုင်ရန်အတွက် တတိယအကြိမ်သင်တန်းအား ၂၈-၁၂-၂၀၂၀ ရက် နေ့မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပါသည်။

အဆိုပါသင်တန်းသည် ငွေတိုက်ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ လစဉ်၊ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေစာရင်းများ ပြုစုပေါင်းချုပ်ခြင်းကို Manual ဖြင့် ဆောင်ရွက်နေခြင်းအား Automation System အသုံးပြုဆောင်ရွက်ရန်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ငွေတိုက်ဦးစီးဌာနသို့ လစဉ်အမှန်စာရင်းများကို FIRST စနစ်ဖြင့် ပေးပို့နိုင်ရန်အတွက် Pilot Project အဖြစ် ဌာန၊အဖွဲ့အစည်း (၁၄) ဖွဲ့ ရွေးချယ်၍ ၂၀၁၉ ခုနှစ်၊  ဩဂုတ်လတွင် ပထမအကြိမ်ကိုလည်းကောင်း၊ ယင်းဌာန၊အဖွဲ့အစည်း (၁၄) ဖွဲ့အပြင် (၆) ဖွဲ့ ပေါင်း၍ စုစုပေါင်း ဌာန၊အဖွဲ့အစည်း (၂၀) ဖွဲ့ အား ၂၀၂၀ ပြည့်နှစ်၊  ဇွန်လတွင် ဒုတိယအကြိမ်ကိုလည်းကောင်း သင်တန်းပေးခဲ့ပြီးဖြစ်ပါသည်။ သင်တန်းပေးရန် ကျန်ဌာန၊အဖွဲ့အစည်း (၁၆၅) ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား ဘဏ္ဍာရန်ပုံငွေစာရင်းပြုစုပေါင်းချုပ်ခြင်း၊ ငွေသားစီမံချက်အား ငွေထုတ်ကန့်သတ်ချက် (Drawing Limit) နှင့်တကွ ရေးဆွဲခြင်းတို့ကို Manual System မှ Automation System သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန်  တတိယအကြိမ်အဖြစ် သင်တန်းပေးခြင်း ဖြစ်ပါသည်။ 

သင်တန်းအား ၂၈-၁၂-၂၀၂၀ ရက်နေ့ မှ ၃-၂-၂၀၂၁ ရက်နေ့အထိ (ရုံးပိတ်ရက်မပါ) ဖြစ်ပြီး FIRST စနစ်သို့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ထည့်သွင်းခြင်းနှင့် အစီရင်ခံစာ ပေးပို့ခြင်းတို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ဌာန၊အဖွဲ့ အစည်း (၁၆၅) ဖွဲ့မှ စုစုပေါင်းသင်တန်းသား (၃၈၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို နံနက်နှင့်နေ့လယ် အပိုင်း (၂) ပိုင်း ခွဲပြီး သင်တန်းချိန် (၁) ချိန်လျှင် သင်တန်းသား (၁၄) ဦးစီဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအားလုံးသည် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှစ၍ အင်တာနက်အသုံးပြု FIRST စနစ်ဖြင့် ဘဏ္ဍာရေးအချက်အလက်များအား ပေးပို့ခြင်းကို ဆောင်ရွက်မည် ဖြစ်ပါသည်။

FIRST စနစ်ကို ဆောင်ရွက်ခြင်းဖြင့် ငွေတိုက်ဉီးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဘဏ္ဍာရေးအစီရင်ခံတင်ပြခြင်းနှင့် ငွေသားကြိုတင်ခန့်မှန်းတွက်ချက်ခြင်းစသည့် လုပ်ငန်းများကို Manual System မှ Computerized System သို့ ပြောင်းလဲနိုင်ခြင်း၊ အရည်အသွေးမီ ဘဏ္ဍာရေးအစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ခြင်း၊ အစိုးရငွေကြေးစီမံခန့်ခွဲမှုနှင့် ကြွေးမြီစီမံခန့်ခွဲမှုကို အပြည့်အဝစီမံခန့်ခွဲနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။