ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ အစီရင်ခံရေးစနစ်
(Financial Information Reporting System for Treasury)
နိဒါန်း
၁။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MPFMp) ၏ Component C: Supporting Effective Budget Execution and Financial Report ကို ငွေတိုက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Financial Management Information System-FMIS)အား အဆင့်(၂)ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆင့် (၁) သည် အစိုးရစာရင်းများစုစည်းပေါင်းချုပ်ခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာတင်ပြခြင်းတို့ကို အလိုအလျောက်စနစ်ဖြစ်သည့် ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ အစီရင်ခံရေးစနစ် ( Financial Information Reporting System for Treasury- FIRST) ဖြစ်ပါသည်။
၂။ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ အစီရင်ခံရေးစနစ် (Financial Information Reporting System for Treasury- FIRST) ဆိုသည်မှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းများ၊ အစိုးရစာရင်းများနှင့် ငွေသားစီမံချက်များကို အွန်လိုင်းစနစ် အသုံးပြု၍ ပေးပို့ရန်၊ အစီရင်ခံစာများ အချိန်နှင့်တစ်ပြေးညီ မြန်ဆန်တိကျစွာတင်ပြရန်၊ တွက်ချက်မှုအမှားအယွင်းမရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များအား Database စနစ်ဖြင့် အချိန်ကာလအကန့်အသတ်မရှိ စနစ်တကျ သိမ်းဆည်းရန်အတွက် ရေးသားထားသည့်စနစ် ဖြစ်ပါသည်။
၃။ ယင်းစနစ်သည် ပြည်ထောင်စုအဆင့်ဌာန/အဖွဲ့အစည်းများနှင့် အစိုးရငွေတိုက်ရုံးတို့၏ လစဉ်စာရင်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ အစိုးရအပ်ငွေစာရင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းရှင်းတမ်းများကို စုစည်းပေါင်းချုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာပြုစုခြင်း၊ ငွေသားစီမံချက် ရေးဆွဲတင်ပြခြင်းတို့ကို အွန်လိုင်းစနစ် အသုံးပြုဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ရည်ရွယ်ချက်
၄။ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ အစီရင်ခံရေးစနစ် (Financial Information Reporting System for Treasury - FIRST)သည် ငွေတိုက်လုပ်ငန်းစဉ်များအား ကွန်ပျူတာစနစ် အသုံးပြုခြင်းဖြင့် ပိုမိုမြန်ဆန်တိကျစေရန်၊ အရည်အသွေးမီ ဘဏ္ဍာရေးအစီအရင်ခံစာများအား အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန်၊ တွက်ချက်မှုများ တိကျမှန်ကန်စေရန်၊ အချက်အလက်များအား Database စနစ်ဖြင့် အချိန်ကာလအကန့်အသတ်မရှိ စနစ်တကျ သတ်မှတ်သိမ်းဆည်းနိုင်ရန်၊ ငွေတိုက်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန်လာပြီး အခြားလိုအပ်သည့် လုပ်ငန်းစဉ်များအား တိုးချဲ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
စာရင်းများပေးပို့ခြင်း
၅။ FIRST သင်တန်းများကို ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများသို့ (၅)[1] ကြိမ် ပို့ချပေးခဲ့ပြီး FIRST စနစ်နှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များ[2]နှင့် စနစ်အသုံးပြုသူ လက်စွဲ[3] များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။
၆။ ပြည်ထောင်စုအဆင့်ဌာန/အဖွဲ့အစည်းများသည် လစဉ်စာရင်း(စရစာရင်း)၊ ရှင်းတမ်း(ပုံစံ-၄) စာရင်း၊ ငွေသားစီမံချက်စာရင်းများနှင့် ယင်းစာရင်းများ၏ သက်ဆိုင် ရာဌာနအကြီးအမှူး အတည်ပြုလက်မှတ်ရေးထိုးထားသည့် PDF ဖိုင်တို့ကို ငွေတိုက်ဦးစီးဌာနသို့ ပေးပို့လျက်ရှိပါသည်။
၇။ လစဉ်စာရင်းများပေးပို့ရာတွင် ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများသည် Web Form ဖြင့် စာရင်းရေးသွင်းခြင်း ၊ စာရင်းများမှန်ကန်ကြောင်းတင်ခြင်းနှင့် PDF ဖိုင်တင်ခြင်းတို့ကို ဆောင်ရွက်ရပြီး ၎င်းအဆင့်များပြည့်စုံပါက စနစ်မှ စာရင်းများလက်ခံရရှိကြောင်းကို အီးမေးလ်ဖြင့် အလိုအလျောက်ပြန်ကြားပေးပါသည်။
၈။ ငွေသားစီမံချက်ပေးပို့ရာတွင် ပြည်ထောင်စုအဆင့်ဌာန/အဖွဲ့အစည်းများသည် သတ်မှတ်ဇယားပုံစံတင်ခြင်း၊ PDF ဖိုင်တင်ခြင်းတို့ကိုဆောင်ရွက်ရပြီး ၎င်းအဆင့်များ ပြည့်စုံပါက စနစ်မှ စာရင်းများလက်ခံရရှိကြောင်းကို အီးမေးလ်ဖြင့် အလိုအလျောက် ပြန်ကြားပေးပါသည်။
၉။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှစ၍ FIRST စနစ်ကို အသုံးပြုခဲ့ပြီး ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်း(၁၉၄)ဖွဲ့မှ ငွေတိုက်ဦးစီးဌာနသို့ စာရင်းများ ပေးပို့လျက်ရှိပါသည်။
နိဂုံး
၁၀။ FIRST စနစ် အသုံးပြုခြင်းဖြင့် အရည်အသွေးပြည့်မီသည့် ဘဏ္ဍာရေးအစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ခြင်း၊ အစိုးရငွေကြေးစီမံခန့်ခွဲမှုနှင့် ကြွေးမြီစီမံခန့်ခွဲမှုကို အပြည့်အဝစီမံခန့်ခွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပါသည်။
[1] ပထမအကြိမ် (၉-၈-၂၀၁၉ ရက်နေ့မှ ၁၀-၈-၂၀၁၉ ရက်နေ့ အထိ)
ဒုတိယအကြိမ် (၂၃-၆-၂၀၂၀ ရက်နေ့ မှ ၂၅-၆-၂၀၂၀ ရက်နေ့ အထိ)
တတိယအကြိမ် (၂၈-၁၂-၂၀၂၀ ရက်နေ့ မှ ၁-၂-၂၀၂၁ ရက်နေ့ အထိ)
စတုတ္ထ အကြိမ် (၂၂−၆−၂၀၂၁ ရက်နေ့)
ပဉ္စမအကြိမ် (၂၉-၁၂-၂၀၂၁ ရက်နေ့မှ ၃၀-၁၂-၂၀၂၁ ရက်နေ့အထိ)
[2] စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏၂၅-၈-၂၀၂၀ ရက်စွဲပါ စာအမှတ်၊စဘ/ဘဏ္ဍာ-၃/၂/၃/(၁၄၈/၂၀၂၀)
[3] လစဉ်စာရင်း User Manual , ငွေသားစီမံချက် User Manual